ဆီးချိုရောဂါအတွက် စားသောက်သင့်သည့် သော့ချက်များ
ဆီးချိုရောဂါဆိုတာ လုံးဝအရှင်းပျောက်ကင်းသွားနိုင်တဲ့ ရောဂါမဟုတ်ပါဘူး။ မပျောက်ကင်းနိုင်ပေမယ့် ဆေးမှန်မှန်သုံးစွဲမယ်၊ အနေအထိုင်အစားအသောက် ဆင်ခြင်မယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ပုံမှန်အတိုင်း ထိန်းညှိထားနိုင်တဲ့ ရောဂါပါ။ ပုံမှန်အတိုင်း ထိန်းညှိထားခြင်းအားဖြင့် နောက်ဆက်တွဲ နှလုံး၊ ကျောက်ကပ်၊ မျက်စိနဲ့ အာရုံတွေ ထိခိုက်ပျက်စီးတာကို ကာကွယ်နိုင်ပါတယ်။
အစားအစာထဲမှာ ကာဗိုဟိုက်ဒရိတ် ကစီဓာတ်များများ မပါအောင် တွက်ချက်စားတာ၊ ဝနေရင် ဝိတ်လျှော့တာ၊ ကိုယ်လက်လှုပ်ရှား မှန်မှန်လုပ်တာတွေက ဆီးချိုရောဂါသည်တိုင်း လုပ်သင့်တဲ့အရာပါ။ သွေးတိုး နှလုံး ဆီးချို ဆိုတဲ့အတိုင်း ဆီးချိုသာမက သွေးတိုးနဲ့ နှလုံးရောဂါကိုပါ ကာကွယ်နိုင်အောင် နေထိုင်စားသောက်ဖို့ အရေးကြီးပါတယ်။
ဒါကြောင့် ဆီးချိုရောဂါရှင်တွေ ဘယ်လိုစားသောက်သင့်တယ်ဆိုတာ ပြောပြပေးသွားမယ်နော်။
(1) ကျန်းမာရေးနဲ့ ညီတဲ့ ကစီဓာတ်ကိုသာ ရွေးချယ်ပါ
ဆီးချိုရောဂါရှင်တွေဟာ ဖြူဖွေးနေအောင်ဖွပ်ထားတဲ့ ဆန်ကိုချက်ထားတဲ့ထမင်းလို ကစီဓာတ်များတာတွေ မစားသင့်ပါဘူး။ ဆီးချိုရောဂါရှင်ဟာ ပုံမှန်ပန်ကန်ပြားတစ်ချပ်မှာ အသီးအရွက်က တစ်ဝက်ခန့်၊ အသားငါးက လေးပုံတစ်ပုံနဲ့ ကျန်လေးပုံတစ်ပုံကိုသာ ထမင်းစားသင့်ပါတယ်။
ရေငှဲ့ချက်တဲ့ထမင်းဟာ ကစီဓာတ်နည်းတယ် ဆိုတာလည်း မဟုတ်ပါဘူး။ ရေငှဲ့ချက်တဲ့အခါ ဆန်ရဲ့အပေါ်ယံအလွှာက ဗိုက်တာမင်ဘီတွေကိုပါ ဆုံးရှုံးစေလို့ ဘယ်ရီဘယ်ရီလို့ ခေါ်တဲ့ရောဂါကို ဖြစ်စေပါတယ်။ ကစီဓာတ်နည်းချင်ရင် မပြာမဖွပ်ထားတဲ့ ဆန်လုံးညိုလိုမျိုးကို စားသင့်တာပါ။
ဆန်လုံးညိုအပြင် ပေါင်မုန့်ညို၊ ပေါင်မုန့်ကြမ်း၊ အုတ်ဂျုံနဲ့ အမျှင်ဓာတ်များတဲ့ အသီးအရွက်တွေ၊ ပဲတွေများများ စားသင့်ပါတယ်။ အဆီထုတ်ထားတဲ့ နို့နဲ့ဒိန်ချဥ်လည်း စားလို့ရပြီး ဖြူဖွေးနေတဲ့ ဆန်နဲ့ပေါင်မုန့်တွေကိုတော့ ရှောင်ရပါမယ်။
(2) အနီရောင်အသားနဲ့ ပြုပြင်ထားတဲ့ အသားတွေ လျှော့စားပါ
ဆီးချိုရောဂါရှင်ဟာ အသားပိုစားရမယ် ဆိုပေမယ့် အမဲသားလို အနီရောင်ရှိတဲ့အသားတွေ၊ ဝက်အူချောင်း၊ ကြက်အူချောင်းလို ပြုပြင်ထားတဲ့ အသားတွေတော့ မစားသင့်ပါဘူး။ နှလုံးရောဂါနဲ့ ကင်ဆာရောဂါကို ဖြစ်စေနိုင်လို့ပါ။
အသားဓာတ်ရတဲ့ တခြားအစားအစာတွေ ဖြစ်တဲ့ ကြက်သား၊ ငါး၊ ဥအမျိုးမျိုးနဲ့ ပဲတွေကို များများစားနိုင်ပါတယ်။
(3) ဆားလျှော့စားပါ
ဆားတင်မက အငန်ဓာတ်ပါဝင်တဲ့ ငါးပိ၊ ငါးခြောက်၊ ငန်ပြာရည်တွေလည်း လျှော့စားသင့်ပါတယ်။ ဆားလျှေားစားခြင်းဖြင့် သွေးတိုး၊နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
လူတစ်ယောက်ဟာ တစ်နေ့ကို ဆား(အငန်ဓာတ်) ထမင်းစားဇွန်း တစ်ဇွန်းခန့်သာ စားသင့်ပါတယ်။ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအစာတွေထဲမှာ ဆားများစွာပါဝင်တတ်တာမို့ သတိထားစားပါ။
(4) ကျန်းမာရေးနဲ့ ညီတဲ့အဆီကို ရွေးချယ်စားသုံးပါ
အဆီဟာ ခန္ဓာကိုယ်က စွမ်းအင်ရရှိဖို့ အရေးပါတဲ့ အရာပါ။
ကျန်းမာရေးနဲ့ညီတဲ့ အဆီတွေကို သံလွင်ဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီ၊ ကန်နိုလာဆီနဲ့ အဆီများတဲ့ငါးတွေ၊ ထောပတ်သီး စတာတွေက ရပြီး အိုမီဂါသရီးဖက်တီးအက်ဆစ် ပါလို့ နှလုံးကျန်းမာရေးအတွက်ကောင်းပါတယ်။
မစားသုံးသင့်တဲ့ အဆီတွေကတော့ ကြက်သား၊ ဝက်သား၊ အမဲသားတွေကရတဲ့ တိရိစ္ဆာန်အဆီတွေ၊ ထောပတ်၊ ချိစ်နဲ့ ဘီစကစ်၊ ကွက်ကီး၊ ကိတ်မုန့်တို့လို ထောပတ်နဲ့ လုပ်တဲ့မုန့်တွေ ပါဝင်ပါတယ်။
(5) သကြားလျှော့စားပါ
ဆီးချိုရောဂါရှင်ဟာ အချိုကြိုက်လို့ ဖြစ်တာအသေအချာပါပဲ။ မလွယ်ကူပေမယ့်လည်း အချိုကိုလျှော့ရမှာကလည်း ဆီးချိုရောဂါရှင်ရဲ့ တာဝန်ပါပဲ။ အချိုရည်တွေ၊ energy drink တွေ ရှောင်ပါ။ သစ်သီးဖျော်ရည်၊ လက်ဖက်ရည်၊ ကော်ဖီတွေ ဖျော်တဲ့အခါ သကြားအများကြီး ထည့်ဖျော်တာမျိုးကိုလည်း ရှောင်ပါမှ သွေးတွင်းသကြားဓာတ်ကို ထိန်းသလို ကိုယ်အလေးချိန်ကိုလည်း တစ်ခါတည်း ထိန်းပြီးသား ဖြစ်သွားမှာပါ။
(6) အဆာပြေအစားအစာတွေကို စနစ်တကျ ရွေးချယ်ပါ
ချောကလက်၊ အာလူးချောင်းကြော်၊ ကိတ်မုန့်၊ ဘီစကစ်နဲ့ ကွက်ကီးတို့ကို စားမယ့်အစား နေကြာ့စေ့၊ ဖရုံစေ့တို့လို့ အစေ့အဆန်တွေ၊ သစ်ကြားသီးလို အခွံမာသီးတွေ၊ အဆီထုတ်ဒီန်ချဥ်နဲ့ အသီးအရွက်တွေကို ရွေးချယ်စားသုံးပါ။
(7) အသီးအရွက် ပိုစားပါ
အသီးအရွက်တွေက ကျန်းမာရေးနဲ့ညီပြီး ဗိုက်တာမင်နဲ့ သက်စောင့်ဓာတ်တွေပါတယ်ဆိုတာ အားလုံးအသိပါပဲ။ သစ်သီးတွေမှာ သကြားဓာတ်ပါတယ်ဆိုပေမယ့် သဘာဝကရတဲ့ သကြားမို့ အန္တရာယ်ပိုနည်းပါတယ်။ ဆီသွတ်ဗူးသစ်သီးတွေ၊ ရယ်ဒီမိတ် သစ်သီးဖျော်ရည်တွေထက် လတ်လတ်ဆတ်ဆတ်သစ်သီးတွေကို စားတာ၊ သကြားလျှော့ထည့်ပြီး ဖျော်သောက်တာမျိုး လုပ်ပါ။
(8) ဆီးချိုအတွက်ထုတ်ထားတဲ့ အစားအစာတွေကို မယုံပါနဲ့
ဆီးချိုမုန့်၊ ဆီးချိုအစာဆိုတာတွေ ခေတ်စားနေပါတယ်။ ဘယ်လိုပဲ ဆီးချိုမုန့်လို့ ပြောထားထား ကယ်လိုရီနဲ့ အဆီဓာတ်တွေ ပုံမှန်အတိုင်းပါဝင်နေနိုင်တာမို့ သကြားဓာတ်ထိန်းညှိဖို့ အထောက်အကူ ဖြစ်မှာမဟုတ်ပါဘူး။
(9) ဗိုက်တာမင်နဲ့ သက်စောင့်ဓာတ်ရတဲ့ အစာတွေစားပါ။
မလိုအပ်ဘဲ ဖြည့်စွက်စာတွေ၊ အားဆေးတွေ သောက်တာထက် ဗိုက်တာမင်နဲ့ သက်စောင့်ဓာတ်ကြွယ်ဝတဲ့ သစ်သီးတွေ၊ ဟင်းသီးရွက်တွေစားတာက ပိုကောင်းပါတယ်။
(10) အရက် လျှော့သောက်ပါ
အရက်မှာ ကယ်လိုရီများစွာပါဝင်လို့ ဝိတ်လျှော့ရာမှာ အနှောင့်အယှက်ဖြစ်စေသလို အသည်းအဆီဖုံးတာလည်း ဖြစ်စေပါတယ်။ အရက်ဟာ သွေးတွင်းသကြားဓာတ်ကို ကျစေနိုင်လို့ အင်ဆူလင်ထိုးနေရသူတွေ၊ ဆီးချိုဆေးသောက်နေရသူတွေမှာ သွေးတွင်းသကြားဓာတ် အလွန်အမင်းကျသွားနိုင်တဲ့ အန္တရာယ်လည်း ရှိပါတယ်။
အထက်ပါအတိုင်း နေထိုင်စားသောက်ရင် ဆီးချိုရောဂါရှိပေမယ့် ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်